International News

အိန္ဒိယနိုင်ငံတွင် ရူပီး ၂၀၀၀ တန်ငွေစက္ကူများအား ပြန်လည်သိမ်းဆည်းခြင်းသည် စီးပွားရေးကို ထိခိုက်ခြင်းရှိမည်မဟုတ်ကြောင်း ယခင်ဘဏ္ဍားရေး အတွင်းရေးမှူးက ပြောကြား

Last Updated:

ရူပီး ၂၀၀၀ တန်ငွေစက္ကူများ ပြန်လည်သိမ်းဆည်းခြင်းသည် အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှင့် ငွေကြေးမူဝါဒများအပေါ်တွင် လုံးဝသက်ရောက်မှုရှိမည်မဟုတ်ဟု ယခင်ဘဏ္ဍာရေးအတွင်းရေးမှူးဖြစ်သူ Subhash Chandra Garg က စနေနေ့တွင် ပြောကြားခဲ့ကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

Subhash Chandra Garg က ၂၀၁၆ ခုနှစ်က ငွေစက္ကူများပြန်လည်သိမ်းဆည်းသည့်အချိန်တွင် ဈေးကွက်အတွင်း ငွေကြေးယာယီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရူပီး ၂၀၀၀ တန်ငွေစက္ကူများကို ရိုက်နှိပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်၊ ၆ နှစ်တာ ကာလအတွင်း ဒီဂျစ်တယ်ငွေပေးချေမှုများ လျင်မြန်စွာဖွံ့ဖြိုးလာခြင်းနှင့်အတူ ငွေစက္ကူ ၂၀၀၀ တန်များကို ပြန်လည်သိမ်းဆည်းခြင်းသည် ဈေးကွက်အတွင်း ငွေကြေးလည်ပတ်မှုကို ထိခိုက်ခြင်းမရှိသကဲ့သို့ ငွေကြေးဆိုင်ရာမူဝါဒများအပေါ်တွင်လည်း သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP )နှင့် လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်း သက်ရောက်မှုရှိမည်မဟုတ်ဟု ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

ပြီးခံသည့်သောကြာနေ့က Reserved Bank of India - RBI က ရူပီး ၂၀၀၀ တန် ငွေစက္ကူများကို ပြန်လည်သိမ်းဆည်းမည်ဟု ရုတ်တရတ် ကြေညာခဲ့ပါကြောင်း၊ သို့ရာတွင် အဆိုပါငွေစက္ကူများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ဘဏ်အကောင့်များ၌ ငွေသားအပ်နှံခြင်း နှင့်ဘဏ်များသို့ လာရောက်၍ တခြားငွေစက္ကူများနှင့်လဲလှယ်ခြင်းတို့ကို ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဈေးကွက်အတွင်းရှိ ရူပီး ၂၀၀၀ တန်ငွေစက္ကူများသည့် RBI သို့ အားလုံးပြန်လည်ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ အဆိုပါငွေစက္ကူများမှာ ငွေကြေးဈေးကွက်တွင် အနည်းငယ်သာပါဝင်မှုရှိခြင်းနှင့် နေ့စဉ်ငွေပေးချေမှုများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုမရှိခြင်းတို့ကြောင့် မည်သူမျှ ငွေကြေးဆုံးရှုံးခြင်း၊ အဆင်မပြေဖြစ်ခြင်းတို့ကြုံတွေ့ရမည် မဟုတ်ကြောင်း Grag က ပြောကြားထားပါသည်။

ငွေစက္ကူပြန်လည်သိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ ရူပီး ၂၀၀၀ တန်ငွေစက္ကူသုံးစွဲခြင်းကို လုံးဝရပ်ဆိုင်းလိုက်ခြင်းမဟုတ်ကြောင်း၊  ငွေကြေး သတ်မှတ်ချက်မှ တရားဝင်ရပ်ဆိုင်းခြင်းကို RBI ကဆောင်ရွက်နိုင်ခြင်းမရှိဘဲ အစိုးရကသာ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရူပီး ၂၀၀၀ တန် ငွေစက္ကူများသည် တရားဝင်ငွေကြေးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါကြောင်း၊ RBI ၏ ယခု စီမံဆောင်ရွက်ချက်သည် ပြည်သူများအား ရူပီး၂၀၀၀ တန် ငွေစက္ကူများ သုံးစွဲခြင်းမှ အခြားသောငွေစက္ကူများနှင့် ဈေးကွက်တွင်လဲလှယ်သုံးစွဲရန် တစ်ဖြည်းဖြည်းချင်းကြိုးစားဆောင်ရွက်ခြင်းဖြစ်သည်ဟု RBI မှ ရှင်းလင်းပြောကြားထားကြောင်းလည်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

ငွေကြေးဈေးကွက်တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခံသည့်ကာလအတွင်း ငွေကြေးဌာနခွဲနှင့် စီးပွားရေးဆိုင်ရာအတွင်းရေးမှူးဖြစ်သူ Garag က ရူပီး ၂၀၀၀ တန်ငွေစက္ကူများ ကို စနစ်တကျစီမံပြီး ထုတ်ဝေခဲ့ခြင်းမဟုတ်ဘဲ လတ်တလောအဆင်ပြေစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အချို့သောငွေစက္ကူများကို လုံးဝရပ်ဆိုင်းခြင်းမပြုမီ လအနည်းငယ်တွင် ပိုမိုတန်ဖိုးကြီးမားသည့် ရူပီး  ၂၀၀၀ တန် ငွေစက္ကူများကိုထုတ်ဝေမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်နိုင်ပါကြောင်း၊ ငွေကြေးဈေးကွက်အတွင်း ရူပီး ၂၀၀၀ တန်ငွေစက္ကူ ထုတ်ဝေရန် သေသေ ချာချာပြောဆိုနိုင်ခြင်းမရှိပါကြောင်းနှင့် ကတိုက်ကရိုက်ထုတ်ဝေဖြန့်ချီခဲ့ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါငွေစက္ကူများကို ငွေကြေးဈေးကွက်အတွင်း လျှော့ချမှုကိုလည်း သိပ်မကြာခင်မှာပင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၇ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် ရူပီး ၂၀၀၀ တန်ငွေစက္ကူများထပ်မံရိုက်နှိပ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည့်အချိန်တွင် အဆိုပါငွေစက္ကူများ၏ စုစုပေါင်းတန်ဖိုးမှာ ဈေးကွက်အတွင်း၌ ရူပီး သန်းပေါင်း ၇ သန်းခန့်ရှိခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ငွေကြေးလည်ပတ်မှု လိုအပ်ချက်ရှိခဲ့သည့်အချိန်တွင်မူ ရူပီး ၂၀၀၀ တန် ငွေစက္ကူအနည်းငယ်ရိုက်နှိပ်ခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လုံးဝရပ်ဆိုင်းခဲ့ပါကြောင်း၊ ထိုသို့ရပ်ဆိုင်းလိုက်ခြင်းနှင့်အတူ အဆိုပါငွေကြေးကို ဈေးကွက်မှ ဖယ်ရှားမည်မှာလည်း ပိုမိုထင်ရှားလာပါကြောင်း၊ ထို့ကြောင့် အစိုးရက ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ငွေထုတ်ယူမှုများ လွယ်ကူအဆင်ပြေစေရေးအတွက် ရူပီး ၅၀၀ တန်ငွေစက္ကူများကို ပုံမှန်ထက် ပိုမိုရိုက်နှိပ်ထုတ်ဝေခဲ့ပါကြောင်း၊ ရူပီး ၂၀၀၀ တန်ငွေစက္ကူများကို ငွေကြေးဈေးကွက်တွင် တစ်ဖြည်းဖြည်းလျှော့ချနိုင်ရေး ဆောင်ရွက်လာခဲ့ရာ ၂၀၁၇ ခုနှစ်၊ မတ်လတွင် ၇၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ၁၀.၈ ရာခိုင်နှုန်းသာ ကျန်ရှိသည်ဟု ပြောကြားထား ကြောင်း Business Standard သတင်းစာတွင် ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်သည့် ICRA ၏ ဒုဥက္ကဋ္ဌဖြစ်သူ Karthik Srinivasan က RBI ၏ ရူပီး ၂၀၀၀ တန် ငွေစက္ကူများ ပြန်လည်သိမ်းဆည်းမှုကြောင့် လာမည့်ကာလတွင် ဘဏ်များသို့အပ်နှံငွေများ အနည်းငယ်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဘဏ်အပ်နှံငွေ အတိုးနှုန်းမြင့်မားမှုဖိအားကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ကာလတိုအတိုးနှုန်းပေါ်တွင်လည်း အတန်အသင့် တက်ရောက်မှုရှိလာနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

Colliers India ၏ သုတေသနမှူးဖြစ်သူ Vimal Nadar ကလည်း ယခုကဲ့သို့ ငွေစက္ကူပြန်လည်သိမ်းဆည်းခြင်းသည် တန်ဖိုးကြီးမားသည့် အိမ်၊ ခြံ၊ မြေ ငွေပေးချေမှုများတွင် ငွေသားနှင့်ပေး‌ချေမှုများကို လျှော့ချနိုင်ခြင်း (သို့မဟုတ်) ဖယ်ရှားနိုင်မည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ငွေးကြေးအမျိုးအစားအချို့ကို ဖယ်ရှားခဲ့ချိန်၌ အိမ်ခြံမြေကဏ္ဍတွင် ပွင့်လင်းမြင်သာမှုကို သိသာထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဓိကအားဖြင့် မျှတသည့်ဈေးကွက်ပေါက်ဈေးနှုန်းများကို ချမှတ်ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားထားကြောင်း Business Standard သတင်းစာတွင် ဖော်ပြထား ပါသည်။

Source: Rs 2,000 note withdrawal non-event, won't impact economy: Ex-finance secy, Business Standard, May 20, 2023

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News